ဘာရယ် မဟုတ် အပြင်ဘက်မှာ
အလွမ်းငွေ့ငွေ့ကြား မိုးရေသည်းလွန်းတယ်
ဝေးနေသူတွေအတွက်တော့ မလွယ်ပါဘူး
မိုးစက်တွေက ဒဏ်ရာတိုးစေလို့ မုန်းတယ်
မိုးရေ...ငါမချစ်နိုင်တာကိုခွင့်လွတ်ကွဲ့
ငါတို့ နှစ်ယောက်နီးနေချိန်မှ မင်းကိုအကောင်းမြင်နိုင်လိမ့်မယ်
မိုးသံ တဖျောက်ဖျောက်က ငါ့ရင်ကို တစ်ဒေါက်ဒေါက်ခေါက်
လွမ်းနေသူကို ကျီစားသလား
ဒီလို မိုးထဲမှာပဲ သူထွက်သွားတာ
ခုဆို ရက်မှ လ လမှ နှစ်ပြောင်း
ခုထိတော့ မဟောင်းသေးဘူးပေါ့လေ
အတွေးထဲမှာတော့ မနေ့တနေ့ကလို
မျက်ရည်ကြားက စကား မိသားစုရဲ့ အနာဂတ်ဆိုလားပဲ
သူက ဓားစာခံပါ တဲ့ (မဟုတ်သေးဘူး)
သူ့ကို ချစ်ခဲ့တဲ့ ကိုယ့်နှလုံးသားကမှ တကယ့်ဓားစာခံပါ
မြင်ကြည့်လှည့်....အစိမ်းသက်သက်ချိုးခံရတဲ့ နှလုံးသား
သွေးမထွက်ပေမယ့် နာကျင်နေတာ
ခုဆို လွမ်း ဒဏ်ရာ လွမ်းနာကျ အိပ်စက်မရ ညတွေ
ကြယ်တွေကို ငေးကြည့်တတ်လွန်းလို့ သူတို့တွေ တောင် အမြင်ကပ်လုပြီ
ကြယ်တွေရဲ့ အရှင်သခင် လမင်းလေးရေ
ကြည့်လှည့်ပါ လမင်းကို မျှော်နေသူတစ်ယောက်
ဒီမြေပြင်ကြီးမှာ ရှိသေးတယ်ဆိုတာ သိလှည့်ပါ
ဘယ်သူတွေ ကြားကြား မကြားကြား လမင်းကြားအောင် ငါလွမ်းမယ်
ဘယ်သူတွေ ပြောပြော မပြောပြော လမင်းကို စကားတွေ ငါပြောမယ်
ဘယ်သူတွေ ပျင်းပျင်း မပျင်းပျင်း လမင်းမပျင်းအောင် ပုံပြင်တွေ ဖန်ဆင်းမယ်
ဘယ်သူတွေ မြင်မြင် မမြင်မြင် လမိုက်ညဆိုတာကို ဖယ်ရှင်းမယ်
ဘယ်သူတွေ ချစ်ချစ် မချစ်ချစ် လမင်းကိုငါချစ်တယ်
ဘယ်သူတွေ သိသိ မသိသိ လမင်းကိုငါစောင့်မယ်
ဒါတွေကို လမင်း ကြားစေတော့
ဒါတွေကို လမင်း မြင်စေတော့
ဒါတွေကို လမင်း သိစေတော့
ဒါတွေကို...............................
ဒါတွေကို..................................
(လမင်း=ချစ်သူ)
0 comments:
Post a Comment