မြို့ပြမနက်မှာ
ကျီးတွေအာနေလိုက်တာ။
တောကျီးကန်းလား
မြို့ကျီးကန်းလား
ခွဲခြားလို့မရ စရိုက်တွေတူနေခဲ့ ။
အစာတစ်ခု ရဖို့မျက်စိအငြိမ်မနေ လက်အငြိမ်မနေ
လှုပ်ရှားမှ မုန့်စားရ
ခေတ်ကိုက
အိပ်မက်ကြီးတစ်ဆယ့်ခြောက်ချက် ကြုံနေ။
ဆင်ပါးစပ်နှမ်းပတ်ရသလို
ဖြည့်ဆည်းခြင်းတွေ မလောက်င
အသံလေးပဲ တစ်ဆာဆာ
အာ အာ နေရတယ် ။
အာ အာနေရတာက
အားလို့ယားလို့ မဟုတ်
ပြောမှသိ
ထိမှနာ ဆိုတော့
ခလုပ်မထိခင် အမိ သိအောင်
ရှေ့အမှားသင်္ခန်းစာတွေ နိမိတ်ပြတာ
သတိထားဖို့ပါ။
မှန်တာပြော ရွာပြင်ထုတ်က
ဟမ္မူရာဘီ ဥပဒေသလို
ယနေ့ထိ အသုံးပြုနေတော့
အာ နေတာတွေအဖြေမထုတ်
လောက်လေးဂွတွေပဲ ထုတ်ထုတ်ပြ
ဒါကိုပဲ မင်းတို့မောမှာစိုးတယ်ပြောလို့။
လေသန့်ရေသန့် တံဆိပ်ကပ် ကြရတော့
လမ်းဘေးက ရေအိုးစင်လေးတောင် မတို့ရဲမထိရဲ
ပိုးမွှားကင်းစင်ရဲ့လား သံသယတွေနဲ့
ဘဝတွေက
သူမယုံကိုယ့်သူမယုံ
အနားနဲ့ဆေးတည့်အောင်မပေးနိုင်သေး။
ဖြစ်ခဲ့တဲ့ရာဇဝင်
သမိုင်းဆိုးတွေ ဆက်ခံနေချိန်တော့
ဆက်မမှားဖို့
တို့တွေ အာ ပြနေရအုံးမယ်။
သိင်္ဂါလှိုင် (ကဗျာမြေသား)
0 comments:
Post a Comment