ကဗျာတို့ ရပ်ကွက်ထဲမှာ
ယောင်လည်လည်
စမ်းတ၀ါးဝါးနဲ့
လိပ်စာမပါ
ရောက်ချင်ရာရောက်ဆိုပြီး
လက်တွေနဲ့ ရွက်လွှင့်လာခဲ့တယ်...။
အချိန်ဆိုတဲ့
ပြဒါးနဲ့ တိုင်းကြည့်လိုက်မှ
ငါ့  အချိန်တွေ
နာမကျန်း ဖြစ်နေကြရဲ့
မဖြစ်ဘူး ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့
ကဗျာတို့ ရပ်ကွက်မှာ
ကိုယ်ဘာသာ
ရွက်ဖျင်တဲလေးထိုးပြီး
အချိန်တွေ ကုစားနေမိတယ်...။
ပတ္တရောင် လှည့်လာတဲ့
ကဗျာ့ရဲတွေနဲ့ တွေ့မှ
ကျူးကျော်နေတဲ့ ငါ့ကို
တရားသော လက်နဲ့ ဆွဲခေါ်ခဲ့
ကဗျာတို့ရွာက
မောင်းထုတ်ခံရမှာလား ဟင်လို့ မေးလိုက်မိတယ်ဗျာ.....။
သူတို့ ပြန်ဖြေကြပါတယ်
မဟုတ်ဘူး
ခင်ဗျားအတွက်နေစရာတစ်ခုပေးမယ်ဆိုပြီး
မြေလေးတစ်ကွက် ချပေးခဲ့တယ်..
ခု အဲ့ဒီမြေလေးမှာ ခြေတစ်ချောင်းထောက်
ငါရပ်နေခဲ့....
(ခြေအစုံ မချနိုင်သေး)။ ။
- စစ်မင်းနေ






0 comments:
Post a Comment