ငါးစိမ်းမြင်လို့ ငါးကင်ပစ်ခဲ့တာလား
အမြှီးကျက် အမြှီးစား
ခေါင်းကျက် ခေါင်းစားတဲ့ ခေတ်....
အဲ့ဒီ ခေတ်ထဲမှာ ကျင်လည်ခဲ့ရလို့.......
ခင်ဗျားတို့ တီထွင်သမျှ ရုပ်သေးဘ၀ပဲ။
အဆီတ၀င်းဝင်းနဲ့ အရည်တရွှမ်းရွှမ်း
စကားတွေ ....စကားတွေ
ငါးစာမမြင်တဲ့ ငါတို့ပဲ ငါးမြှားချိတ်မှာတန်းလန်း
နောက်ဆုံးဆိုတဲ့ အတန်းမှာ ငါတို့ပဲ ရှိတော့တယ်။
ဂျမ်းတုံး လုပ်ခံရလွန်းတော့လည်း
ကုန်းတက်ဆိုရင်ကို ကြောက်နေခဲ့ပြီ...
တစ်ခါတစ်လေလည်း ကုန်းဆင်းလေးမှာ
အိပ်စက်ချင်လို့......ခေတ်ဆိုတာ
တံဆိပ်ကပ်လိုက်တယ်...
မနှောက်ယှက်ပါနဲ့ ခေတ်လို့။
ကံသေကံမ ပြောခဲ့တဲ့ ကတိတွေ
ခုထက်ထိ ဘယ်ခြေယောင်ပြ လုပ်နေတုန်းပဲ
ခုပေးမယ် ခဏနေပေးမယ်
မဆူပါနဲ့ မပူပါနဲ့ ပြောနေလွန်းတော့လည်း
ဆူတာနဲ့ ပူတာကို တွဲပြီး မြင်နေရတယ်။
သခင်မျိုးပေါ့ဗျာ
စင်မကျိုးကျခင်တုန်းကတော့......
အချီအချ အချေအတင်နဲ့
သမိုင်းမှာတောင် အပီအသ စာတင်ဘူးတယ်..
နောက်ဆုံးတော့လည်း တံစိတ်မြိတ်အောက်က ရေဘ၀နဲ့
တစ်စက်ချင်း ကျ တစ်ပေါက်ချင်း ကျနေရလို့
ကျွန်တော်တို့ပဲ ခလောက်သံတညံညံ ဘဝ
ရောက်မှန်းမသိ ရောက်နေရတယ်ဗျာ။ ။






0 comments:
Post a Comment