Saturday, November 9, 2013

ပန်းပင်တွေ စိုက်စောင့်နေသူ



အချိန်မရောက်ခင် လွင့်ပြယ်သွား မိုးတိမ်လို
စကားတွေပဲ အဖတ်တင် ညများ
ကွန်နက်ရှင်းပေါ်မှာ ပျောက်ဆုံးသွား
မင်းကတော့ မေ့သွားပြီထင်တယ်။

အဝေးကနေ လှမ်းကြည့်
သူငယ်ချင်းဆိုတဲ့ စည်း သုံးလွန်းတင်ခဲ့
ဖြတ်သန်းနေ့ရက်တွေ ကြာတော့
ဘဝလို ဖြစ်နေတဲ့ သတိရခြင်းများ
ငါ့အတွက်က မေ့ပျောက်ဖြစ်ဖို့ ခက်ခဲနေ။

မိုးလင်းတာနဲ့
ဂျာပါတီနဲ့ ကြက်သဟင်း
အီကြာကွေးနဲ့ပေါက်စီ
ကြိုက်ရာစား နံနက်ခင်းစာတွေထဲမှာ
စားတော်ပဲပြုပ်ဆီလေးသုပ်တဲ့ မုန့်ပျားသလက်
စားချင်တဲ့ စိတ်
လွမ်းဆွေးနေတဲ့ နေ့ရက်များလို
မင်းကို လွမ်းဆွေးခြင်းက ကြေကြေကွဲကွဲ။

စာကြည့်တိုက် သောင်းကျော်ရှိတဲ့ နိုင်ငံမှာ
ကဗျာစာအုပ် ငါးရာထုတ်တာတောင်မကုန်တဲ့ အဖြစ်
ပြန်မရတာသိပေမဲ့
ရှိတာလေးရောင်းထုတ်တဲ့ ကဗျာဆရာလို
မင်းကို ချစ်တဲ့အချစ်မှာ ဒဏ်ရာဖြစ်မှာသိလဲ
ငါ ချစ်နေမိခဲ့တယ်။

ငါ့ချစ်ခြင်းတရား
ငါ့မေတ္တာတရားမှာ
ငါစိတ်ခံစားမှုပဲ
ငါ…ရှေ့တန်းတင် လို့
အရှုံးအမြတ်မတွက် ချစ်နေခဲ့တယ်။

မင်းပန်ဖို့ စိုက်ခဲ့တဲ့ ပန်းလေး
အခုပွင့်လန်းဖို့ ဖူးနေတဲ့ အချိန်မှ
ပန်သူမဲ့ ပန်းလေး
ဘုရားပန်းအဖြစ် ငါ လှူလိုက်ရတော့တယ်။

ငါ ချစ်တဲ့မင်းတစ်ယောက်
နိုင်ငံရပ်ခြားမှ အမိမြေ
ပြန်လာနိုင်ပါစေ သား……။ ။


သိင်္ဂါလှိုင် (ကဗျာမြေသား)

0 comments:

Post a Comment