Friday, October 4, 2013

ဂျူလိုင်တမ်းချင်း

ဂျူလိုင်တမ်းချင်း


အေးခဲနေတဲ့လှောင်သံတွေအစား
ကျကွဲနေတဲ့မီးတောင်တွေပဲအိတ်ကပ်ထဲထည့်ခဲ့တယ်
ဘဝဟာတစ်မိုးတွင်းလုံးငိုမဆုံးတဲ့တိမ်ငယ်လို
အေးစက်စက်ဒုက္ခများစွာ
မလိုချင်လဲအတင်းထိုးရောင်းတာပဲ
သံစဉ်တွေရင်မှာအံ့မဝင်တော့ဘူးဂျုလိုင်
ဒီတော့ နင်ဒါကိုမေ့လိုက်တော့။

ငါဟာဂြိုလ်ရံတစ်ခုပဲ
ယုံကြည်မှုတစ်ခုတည်းနဲ့ လည်ပတ်နေတဲ့ကြယ်
နင်ဖဲ့ဖဲ့စားသွားတဲ့ပင်လယ်
ဒီရေအတက်အကျဟာမြန်ဆန်လွန်း
တစ်သက်တာ စားမကုန်တဲ့ လရောင်တွေ
နင့်ပတ်လည်တဖွဲဖွဲကြွေကျ
နင့်အတ္တက စာမတက်ဘူး။

နင်က
နာမည်မပေးရသေးတဲ့နေအဖွဲ့ အစည်းအသစ်တစ်ခု
နင်က
လိင်ပိုင်းဆိုင်ရာထုံကျင်နေတဲ့ဆဲလ်အစုအဝေး
နင်က
ဝမ်းနည်းမှုတွေသောက်သုံးပြီးအသက်ဆက်တဲ့
ဗင်ပိုင်းယားတစ်ကောင်
နင်က
ငါသိထားသလောက် နင့်အချစ်တွေ
ဒီကောင်ရေကောင်းကောင်းမသောက်ခဲ့ရဘူး
ဒါလည်းနင်မေ့လိုက်တော့။

နင်သိထားတဲ့နားလည်မှုဟာ
အယ်ကိုဟော တွေတစီစီထနေတဲ့မုန်ယိုဆင်တစ်ကောင်ပဲ
နာကျင်မှုကိုမသိနိုင်လောက်အောင်
အာရုံငါးပါးစိတ္တဇဆန်
လက်ခုပ်သံကြားကျွမ်းထိုးပြတာ
မျောက်ပဲရှိတယ်ဂျုလိုင်
ချစ်ခြင်းမေတ္တာကိုနကန်းတစ်လုံးမှနားမလည်တဲ့မိန်းမတစ်ယောက်ဟာ
ဒိုင်ယာလော့အဟောင်းတွေလိုပဲ စုတ်ပဲ့လွန်းတယ်
ဒါလည်း နင်မေ့ချင်မေ့လိုက်တော့။

ဟိုးရှေးရှေးတုန်းကပေါ့……
နင်ကိုငါသိပ်ချစ်ခဲ့တာ မဟုတ်လား…ဟင်
ဒါလည်းမေ့ချင်မေ့လိုက်တော့ ဂျူလိုင်။

ဓီရ်ခေတ်အိမ်

0 comments:

Post a Comment