Wednesday, October 2, 2013

အချစ်ပြက္ခဒိန်



အချစ်ပြက္ခဒိန်မှာ
နေ့တိုင်းက ရက်ရာဇာ
ရက်တိုင်းက ပြသဒါး
တစ်လှည့်ရွှေ တစ်လည့်ငွေနဲ့
ငိုလိုက်ကြ ရယ်လိုက်ကြ
ကြည်နူးလိုက် စိတ်ဆိုးလိုက်ပဲ။

အဲ့ဒီပြက္ခဒိန်ကို
Pope Gregory လည်း မတီထွင်သလို
Egyptianတွေလည်း မဖန်တီးခဲ့ဘူး
ရင်ဘက်နဲ့ ရေးဆွဲထားတဲ့
ပြက္ခဒိန်မို့....
သက္ကရာဇ် မလိုဘူး။

အမှတ်ခြစ်ထားစရာ
နေ့ထူး နေ့မြတ်တွေ မလိုဘူး
Valentine Day လည်း မရှိဘူး
နေ့တိုင်း ရက်တိုင်း
နာရီတိုင်း မိနစ်တိုင်း
စက္ကန့်တိုင်းက
ချောက်ကမ်းပါးနှစ်ခုကို
အပ်ချည်မျှင်နဲ့ သွယ်ထားတယ်.....
ခိုင်ချင်ခိုင်မယ် ပြတ်ချင်ပြတ်မယ်
အင်ဂျင်နီယာလည်း မလိုဘူး
ဆာဗေးလည်း မတိုင်းထားဘူး
ဗိသုကာ လည်း မလိုဘူး
အချစ်တစ်ခုသာ အာမခံထားတယ်..။

တစ်နေ့ပြီး တစ်ရက်
အဲ့ဒီပြက္ခဒိန်ထက်မှာ
သေတဲ့သူသေ
နေခဲ့သူ နေ
သွားချင်သူ သွား
ထားချင်သူ ထားနဲ့
မှင်နီလေးတွေ ပြည့်နေခဲ့တယ်
အဲ့ဒါ ကျွန်တော် သိတဲ့ သက္ကရာဇ် မလိုတဲ့
အချစ် ပြက္ခဒိန်။ ။

စစ်မင်းနေ

0 comments:

Post a Comment