Tuesday, October 1, 2013

"ပန်းကလေး ယုဇန"



တဒင်္ဂအချိန်လေးမှာ
ငါ့စိတ်ကူးတွေ မင်းယူငင်သွားခဲ့တယ်
အဝါရောင်း ပန်းကလေး

ရနံ့လေးက သင်းပျံ့
ညှို့ချက်တွေပြင်းလှတယ်
ပန်းကလေးရယ်

တဒင်္ဂအချိန်လေးမှာ
အရာရာ မင်းယူငင်သွားခဲ့တယ်နော်
ပန်းကလေး

အိပ်မက်တွေ
မျှော်လင့်ချက်တွေ
နေ့တဓူဝ ကိစ္ခတွေ အဆုံး
အရာရာယူငင်လို့
မင်း ဘယ်လိုများ သိမ်းပိုက်သွားတာလဲ
ပန်းကလေး

အပြစ်ဖို့စကားလုံးတွေနဲ့စိတ်ကောက်
အရှည်မမြင်တဲ့ အတွေးတွေနဲ့
မင်းရနံ့တွေ ထုတ်လွင့်ပြောတာတောင်
ငါ စိတ်ကူးတွေထဲ နေရာပြည့်လို့
ငါက မင်းရဲ့ကိုလိုနီဖြစ်နေရပြီ
ပန်းကလေး

အရာရာလျော့ပေးနေမိတာတွေက
ပြန်တွေးတိုင် ငေးမောမိ
သိမ်းသွင်းနိုင်တဲ့ ပန်းကလေး
အြံ့သပဲ နေမိတော့တယ်

အရိပ်တစ်ခုလို ကပ်ပါလာတဲ့
မင်းအကြောင်းတွေ
မေ့ဖျောက်ပစ်တာလဲ
စက်ဝိုင်းအလယ်ရောက်နေတဲ့ အစက်ပြောက်လို
စက်ဝိုင်းမမြင်သလိုပါပဲ
ငါကိုယ်တိုင် ကပျော်ဝင်နေတော့
မင်းလုပ်သမျှ အမှန်တွေဖြစ်နေရတယ်
ပန်းကလေး

ဘာပဲဖြစ်ဖြစ်အရှုံးပေးလို့
ရှုံးပေးခြင်းတွေကပဲ
ငါ့ ပျော်ရွှင်ခြင်းတွေ ဖြစ်နေတော့
မင်း ငါ့စိတ်တွေ
အရာရာယူငင်သွားတာ
မထူးဆန်းသလို ဖြစ်နေပြီ
ပန်းကလေး ။ ။

0 comments:

Post a Comment